ပန်းတောင်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ပန်းချီပညာရပ်ဆိုင်ရာ အခြေခံအုတ်မြစ်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြပန်းချီဆရာ ဦးကိုကြီး (ပန်းတောင်း) က သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် အခြေခံမျဉ်းကြောင်းများ ဆွဲသားခြင်း၊ ကာလာရောင်စုံ ခြယ်သနည်းများနှင့် အလင်းအမှောင်သီအိုရီများကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)