ကသာမြို့နယ်အတွင်းရှိ ဘဏ်အသင်းသားများအား ဆောင်းသီးနှံထုတ်လုပ်မှုဘဏ်ချေးငွေများ ထုတ်ပေး

ကသာ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကသာမြို့နယ်အတွင်းရှိ အသင်းသားများအား ၂၀၂၀ပြည့်နှစ်အတွက် ဆောင်းသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကသာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ကသာမြို့နယ်အနေဖြင့် အသင်းသားဦးရေ ပေါင်း (၁၂၀၀၅) ဦးရှိပြီး  အသင်းသားများအတွက် ၂၀၂၀ ပြည့်နှစ်၊ ဆောင်းသီးနှံ ထုတ်လုပ်မှု ဘဏ်ချေးငွေ များကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလမှစ၍ ထုတ်ချေးပေးခဲ့ပြီး အဆိုပါ ချေးငွေများကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ်၊ ဆောင်းသီးနှံထုတ်လုပ်မှုအတွက် လျာထားငွေအနေဖြင့် ငွေကျပ်(၃၆၄၆၈)သိန်း ရှိပြီး  အသင်းသားဦးရေ (၃၀၉၃) ဦးတို့အား ငွေကျပ်(၂၄၀၆၀)သိန်းအထိ ထုတ်ချေးပြီးဖြစ် ကြောင်း၊ ဆက်လက်ထုတ်ချေးရန် ငွေကျပ်(၁၂၄၆၂.၅)သိန်း ကျန်ရှိသေးကြောင်း၊ ဆောင်းသီးနှံ ထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးရာတွင် စပါးသီးနှံအတွက် တစ်ဧကလျှင် ငွေကျပ်(၁)သိန်းခွဲနှင့် အခြားသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် ထုတ်ချေးပေးပြီး အတိုးနှုန်းအနေဖြင့် ငွေ(၁၀၀)ကျပ်လျှင် တစ်နှစ်အတိုး(၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးကြောင်း၊ အသင်းသားများအား ၂၀၂၀ပြည့်နှစ်၊ ဆောင်းသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးပြီးပါက ၂၀၂၁ခုနှစ်အတွက် မိုးသီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ကသာခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်မန်နေဂျာထံမှ သိရသည်။

ရဲအောင်(ကသာ)