ပွင့်ဖြူ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်(၁)ရက်နေ့က စတင်၍ ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၂၈၂၆၅ ဦး စိတ်အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ဆရာ၊ ဆရာမများက ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မည်သည့် အခကြေး ငွေမျှကောက်ခံခြင်းမပြုပဲ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးအပ်၍ ကျောင်းသားကျောင်းသူများကို စနစ်တကျ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၅ ရက်နေ့မှ ယနေ့ထိ KG တန်းမှ Grade -12 အထိ ကျောင်းသားကျောင်းသူ စုစုပေါင်းဦးရေ ၂၈၂၆၅ ဦး ရှိပြီဖြစ်ကြောင်းနှင့် အဆိုပါကျောင်းအပ်နှံပြီးသော ကျောင်းသားကျောင်းသူများသည် မိမိတို့ သက်ဆိုင်ရာကျောင်းများတွင် စိတ်အေးချမ်း ပျော်ရွှင်စွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၃)ကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း ၁၆၉ ကျောင်းရှိပြီး ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်သိ မိဘပြည်သူ များက ကျောင်းအပ်နှံရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ ကျောင်းတက်ကျောင်းဆင်း ချိန်များ၌ ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)