ချောင်းဦးမြို့နယ် ခင်မွန်နည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ ဆောင်းသီးနှံ စိုက်ခင်း များကို မျိုးစေ့အရည်အသွေး ကောင်းစေရန် နည်းပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ချောင်းဦး ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်နည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ ဆောင်းသီးနှံစိုက်ခင်းများကို မျိုးစေ့အရည်အသွေး ကောင်းစေရန် နည်းပညာပေးခြင်းကို ယမန်​​နေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ချောင်းဦးမြို့နယ် အောင်ချမ်းသာကျေးရွာ နှင့် ဘူတာကျေးရွာ တို့တွင်စိုက်ပျိုးထားသော လယ်သီးထပ် ဆောင်းသီးနှံစိုက်ခင်းများ အရည်အသွေးနှင့် အထွက်နှုန်းကောင်းစေရန် အသီးအပွင့်အားတိုးဆေး (ယူရီးယား+လက်ချား) ပြုလုပ်သုံးစွဲနည်း များ၊ မှိုရောဂါ ကာကွယ်စေရန်အတွက် ထရိုင်ခိုဒါးမား (Trichoderma) သုံးစွဲရန်၊ ဓာတုဆေးများ မဖြစ်မနေသုံးစွဲပါက စနစ်တကျသုံးစွဲကြရန် နှင့် ဆေးဘူးခွံများ စနစ်တကျစွန့်ပစ်တတ်စေရန် ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်မွန်နည်းပညာပြန့်ပွား ရေးစင်တာနယ်မြေ တာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးအောင်ဆွေဦးက  ကွင်းအရောက် နည်းပညာပေးဆွေးနွေး ခဲ့သည်။

ထို့နောက် (Awba)ကုမ္ပဏီမှ စိုက်ပျိုးထားသော နေကြာ၊ နှံစားပြောင်း၊ လူး ၊ ပိုက်ဆံလျှော်နှင့် ဖူးစားပြောင်းများ မျိုးစေ့ထုတ် စိုက်ခင်းတွင် မျိုးစေ့အရည်အသွေးကောင်းစေရန် နည်းပညာပေး ဆွေးနွေး ပြောပြခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်မွန်နည်းပညာပြန့်ပွား ရေးစင်တာနယ်မြေတာဝန်ခံ လက်ထောက် ဦးစီးမှူး ဦးအောင်ဆွေဦး နှင့် စိုက်ပညာရှင်၀န် ထမ်းများ၊  (Awba)ကုမ္ပဏီမှ စိုက်ပျိုးရေးတာဝန်ခံ ဦးစိုးသန်း၊ ချောင်းဦးမြို့နယ် အောင်ချမ်းသာ ကျေးရွာနှင့် ဘူတာကျေးရွာမှ လယ်သီးထပ် ဆောင်းသီးနှံစိုက် တောင်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

အိအိအောင် (ချောင်းဦး)