လိပ်သို ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ“(၂၀၁၈-၂၀၃၀) ခုနှစ်အတွင်း ခွေးရူးရောဂါကင်းစင်ပပျောက်ရေး ” ရည်မှန်းချက် အတွက် ရပ်ကွက်/ကျေးရွာများရှိ အိမ်မွေးခွေးများကို ယနေ့ နံနက်ပိုင်းက ခွေးရူးရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာနော်ဂလယ်ဂေထူး က အိမ်မွေးခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံပေးကြသည့် ပြည်သူများ အား ခွေးရူးရောဂါ ကူးစက်ခံရတဲ့ အိမ်မွေးတိရစ္ဆာန်ခွေးများ၊ ကြောင်နှင့် လူအပါအ၀င် ရောဂါ ကူးစက်ပြီး (၂၄) နာရီအချိန်အတွင်း ကာကွယ်ဆေးကို အချိန်မီ မထိုးပေးနိုင်ပါက ရောဂါကြောင်း (၁၀၀%) အသက် သေဆုံးနိုင်ကြောင်း ၊ ရောဂါဖြစ်နေသော ခွေးမှတစ်ဆင့် လူကို ကူးစက်မှု အများဆုံး ဖြစ်ပွားနေပါကြောင်း၊ ထို့ကြောင့် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၏ ရည်မှန်းချက် တာ၀န်များဖြစ်သည့် အိမ်မွေးခွေးများအား ခွေးရူးရောဂါ ကင်းစင် ပပျောက်စေရန် ရည်ရွယ်ပြီး ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်း ပြောကြား ခဲ့သည်။
ဆက်လက်ပြီး ခွေးရူးရောဂါ ကူးစက်ဖြစ်ပွားခြင်းမှ ကင်းဝေးစေရန် ခွေးရူးရောဂါ ကာကွယ်ရေး သိကောင်းစရာများ၊ သတိထား သိရှိလိုက်နာရမည့်အချက်များကို ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)