ဒီးမော့ဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင် ခြင်း ရှိ/မရှိ ကြီးကြပ်ဆောင်ရွက်

ဒီးမော့ဆို ဇန်နဝါရီ ၂၀

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်း စည်း တပ်ဆင်ခြင်း ရှိ/မရှိ ကြီးကြပ် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒီးမော့ဆိုမြို့နယ်ရှိ ဌာနဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား ကျန်းမာရေး ညွှန်ကြားချက် များနှင့် အညီ နှာခေါင်းစည်း တပ်ဆင် သွားလာခြင်း ရှိ/မရှိ ကြီးကြပ်ဆောင်ရွက်ပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်း တစ်ခုလျှင် ဒဏ်ငွေ ၂၀၀ ကျပ် ပေးဆောင်စေပြီး ချက်ချင်းတပ်ဆင်နိုင်ရန်အတွက် နှာခေါင်းစည်း တစ်ခု ပြန်လည်ပေးအပ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ပြုမှုနေထိုင်ကြရန်နှင့် နေအိမ်ပြင်ပ သို့ ထွက်ခွာသွား လာပါက မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင် အသုံးပြုကြရန် အသိပညာပေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)