စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝါသီးနှံ (၇၉၃၄၆) ဧက စိုက်ပျိုးထား

မုံရွာ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  ဝါစိုက်ပျိုးရာသီ၌ ခရိုင်(၅)ခုတွင် စစ်မှု ကုန်ကြမ်းသီးနှံမျိုးဖြစ်သော ဝါ (၇၉၃၄၆) ဧကကို စိုက်ပျိုးထားကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဝါစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ မလှိုင်ဝါမျိုး (၁၄၆၀၀) ဧက၊ မိုးကြိုချည်မျှင်ရှည်ဝါ (၃၆၀)ဧက၊ ဝါကြီးမျိုးကို (၅၀၀၀) ဧက၊ မိုးချည်မျှင်ရှည်ဝါ (၂၁၆၇၄) ဧကနှင့် မိုးနှောင်း ချည်မျှင်ရှည်ဝါ (၃၇၇၁၂)ဧကတို့ကို စိုက်ပျိုးပြီးစီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ဝါသီးနှံစိုက်ပျိုးရာမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ ရာသီဥတုဖောက်ပြန်မှု၊ ရောဂါပိုးမွှားကျ ရောက်မှု များကို တုံ့ပြန်ဖြေရှင်းနိုင်ဖို့၊ ဝါသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးနဲ့ ဈေးကွက်မတည်ငြိမ်မှုကို ဖြေရှင်းအသိပညာပေးတာတွေကို စိုက်ခင်းတွေအရောက်သွားပြီး လုပ်ဆောင်ပေးတယ်၊ စံပြစိုက် ခင်းတွေ တည်ထောင်စိုက်ပျိုးပြီးလည်း အသိပညာ ပေးတာတွေ လုပ်ဆောင်ပေးနေပါ တယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝါသီးနှံ စိုက်ပျိုးပြီးစီးမှု အနေဖြင့် မုံရွာခရိုင်အတွင်း (၃၀၉၄၉) ဧက အားလည်းကောင်း၊ ယင်းမာပင် ခရိုင်အတွင်း (၈၆၇၀)ဧကအား လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်း (၁၄၁) ဧကအား လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်း (၃၉၅၅၇)ဧကအား လည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်း (၂၉) ဧကအား လည်းကောင်း စိုက်ပျိုးပြီးစီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံး၏ မှတ်တမ်းများအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)