ဘောဂလိ ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်း လမ်းများ ကောင်းမွန်စေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ ဘဏ္ဍာနှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှတ်(၃)ရပ်ကွက် ဦးထူးလာလမ်း အုတ်စီ ရေမြောင်းနှင့် မြောင်းဖုံးပြုလုပ်ခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေး အဖွဲ့၏ ၂၀၂၀-၂၀၂၁ ခွင့်ပြုရန်ပုံငွေဖြင့် ဇန်နဝါရီလ ဒုတိယအပတ်တွင်စတင် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ၅၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။
ထိုသို့ လုပ်ငန်းများ သတ်မှတ်အရည်အချင်းများနှင့် ပြည့်မှီစေရေးအတွက် မြို့စည်ပင် သာယာရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အရှည်(၁၀၀)ပေ၊ အကျယ် (၁)ပေ၊ အမြင့်(၁) ပေဖြင့် ခွင့်ပြုရန်ပုံငွေ ကျပ်(၁)သန်း ဖြစ်ကြောင်း သိရှိရသည်။
ဘောဂလိ (ပြန်/ဆက်)