ကော့သောင်း ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ရက်(၁၀၀) စီမံချက်ဖြင့် ပြည်သူများအား အထူးကုဘာသာရပ်များတိုးချဲ့ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၌ ဇွန်၅ရက်မှ စတင်၍ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်း အောင်မြင်စွာ စတင်စမ်းသပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများအား ကဏ္ဍအလိုက်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းနှင့် ပြင်ပလူနာများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး အထူးကုဘာသာရပ်အနေဖြင့်မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မျက်စိရောဂါ ပြင်ပလူနာ (၂၀၆) ဦး၊ ခွဲစိတ်လူနာ (၆၁)ဦး ရှိပြီဖြစ်ပြီး ယခုအခါ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်း အောင်မြင်စွာ စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပြီဖြစ်သဖြင့် ကျောက်ကပ်သွေးသန့်စင်ရန် လိုအပ်သောလူနာများအား လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)