ကရင်ပြည်နယ်တရားလွှတ်တော်တွင် တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာအရည်အသွေးမြှင့်တင်ရေးသင်တန်းဖွင့်

ဘားအံ ဇွန် ၈

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၂၇)၏ စတုတ္ထနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ်(၂၀၂၆ခုနှစ်)နှင့်အညီ တရားစီရင်းရေးနှင့်ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ အရည်အသွေးများကောင်းမွန်လာစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်တရားလွှတ်တော် တရားရုံးဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲကို ဇွန် ၈ ရက် နံနက် ၈ နာရီက ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းက တရားစီရင်ရေးမဏ္ဍိုင်သည် နိုင်ငံတော်တည် ငြိမ်ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် အလွန်အရေးပါသည့်ကဏ္ဍကြီးတစ်ရပ်ဖြစ်ပြီး တရားရုံးတစ်ရုံး၏လုပ်ငန်းဆောင်တာများ ချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် တရားသူကြီးများ၏ အခန်းကဏ္ဍသာမက စာရေးဝန်ထမ်းများ၏လုပ်ဆောင်ချက်မှာလည်း အရေးကြီးသည့်အတွက် စာရေးဝန်ထမ်းများ၏ စွမ်းရည်၊ စည်ကမ်း၊ ကျင့်ဝတ်နှင့်ကျွမ်းကျင်မှုသည် အလွန်အရေးပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် ကြိုးကြိုးစားစားသင်ယူပြီး မိမိတို့၏ အသိပညာ၊ အတတ်ပညာ များနှင့်ပေါင်းစပ်၍ နိုင်ငံတော်နှင့်တရားရေးဌာနကိုအကျိုးပြုနိုင်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ် တရားလွှတ်တော်၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ၊ တရားရေးအရာရှိများနှင့်အတူ သင်တန်းသား၊ သင်တန်းသူ (၁၈)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ရုံးစာရေးသားနည်းဘာသာရပ်၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်းနှင့် ဝန်ထမ်းတစ်ဦးချင်း၏ လုပ်ငန်းတာဝန်များဘာသာရပ်၊ တရားရုံးလက်စွဲပါ စီမံရေးရာနှင့်ထောက်ပံ့ရေးရာဘာသာရပ်၊ အမှုတွဲထိန်းသိမ်းရေးဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းရေးဘာသာရပ်၊ ဘဏ္ဍာရေးကျင့်စဉ်ဘာသာရပ်နှင့် ပြစ်မှု၊ တရားမ ဘာသာရပ်များကို သင်တန်းနည်းပြ(၇)ဦးက ရက်သတ္တ(၂)ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)