ဝန်းသို ဇန်နဝါရီ ၂၀
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူများကျန်းမာ သန့်ရှင်းရေး မဟာဗျူဟာရည် မှန်းချက်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် ရည်မှန်းချက်များနှင့်အညီ အကောင်းအထည်ဖော်ဆောင်ရွက် လျှက်ရှိသည့် ကျေးရွာအခြေပြုစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေးခြင်း နှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆဌမအကြိမ်မြောက် ချေးငွေထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ထန်းတပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးတင့်ဆွေက စွန့်ပစ်အမှိုက်များအား သဘာဝ မြေဆွေးပြုလုပ်သုံးစွဲနိုင်ရေးနှင့် သစ်ရွက် ဆွေးများမှ လယ်ယာမြေများတွင် မြေဩဇာအဖြစ်အသုံးချပုံ အကြောင်းကိုလည်းကောင်း၊ နမ်းခမ်းတိုက်နယ်ကျေးလက်ကျန်းမာရေးဌာန၊ ကျန်းမာရေးမှူး ဒေါ်နုနုတင်က တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ဖြစ်ပွားတက်သောရောဂါများအကြောင်းကိုလည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးထွန်းက ကျေးရွာအခြေပြုစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု စနစ်ဆောင်ရွက်ရသည့်ရည်ရွယ်ချက်၊ ဆောင်ရွက်ပုံ နည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများဦးဆောင်၍ ရွာလုံးကျွတ်စုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်ပွဲကို ဆောင်ရွက်ခဲ့ ကြသည်။
အဆိုပါ အမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ပြီးနောက် ထန်းတပင်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆဌမအကြိမ်ချေးငွေထုတ်ချေး ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် မွေးမြူရေးလုပ်ငန်းဆောင် ရွက်ရန်အသင်းဝင်(၉၄)ဦးကို ချေးငွေကျပ် (၃၅၁)သိန်း၊ အသေးစားရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်ရန် အသင်းဝင်(၁၂)ဦးကို ချေးငွေကျပ် (၄၉)သိန်း စုစုပေါင်းအသင်းဝင် (၁၀၆)ဦးအတွက် ချေးငွေကျပ်သိန်း (၄၀၀) တိတိကို ချေးယူသူလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှ သိရှိရသည်။
ကျော်မြိုင် (ပြန်/ဆက်)