စစ်ကိုင်း ဇွန် ၈
စစ်ကိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ကျင်းပသော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က သင်တန်းဖွင့်လှစ်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စစ်ကိုင်းမူလတန်းကြိုကျောင်း သမီးငယ်များမှ ပျိုလေးတို့ရွာသီချင်းဖြင့်ကြပြဖျော်ဖြေပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိတို့က သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသူ (၁) ဦးမှ ကျေးဇူးတင် စကားပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းသူများမှ တို့ကျောင်းတော်သီချင်း၊ ပန်းကလေးများရဲ့ ဥယျာဉ်မှူး သီချင်း၊ Party Dance သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများက သင်တန်းသူများ၏ လက်မှုပညာရပ်လက်ရာများအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ (၃၅) ဦးဖြင့် သင်တန်းကာလ (၂၁) ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်