တနင်္သာရီ ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၊ မြို့နယ်ခန်းမ Quarantine Centre အတွင်း Facility Quarantine စောင့်ကြပ်ထားရှိသူ (၉)ဦးအနက် အသက်(၄၀)အရွယ် အမျိုးသားတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုတွေ့ရှိကြောင်း ယမန်နေ့ မွန်းလွှဲပိုင်းက RDT- Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစမ်းသပ်စစ်ဆေးစဉ် ရောဂါပိုးအတည်ပြုတွေ့ရှိကြောင်း သိရသည်။
ထိုအသက်(၄၀)အရွယ် အမျိုးသားသည် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်မှ တနင်္သာရီမြို့နယ်အတွင်း အထည်ရောင်းရန် ဇန်နဝါရီလ ၁၇ ရက်နေ့က ရောက်ရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆိုင်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ စီစဉ်မှုအရ တနင်္သာရီခန်းမအတွင်း Facility Quarantine အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှု ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့ဖြစ်၍ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူ အသက်(၄၀)အရွယ် အမျိုးသား အား ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ တိုးချဲ့လူနာဆောင်ကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ပေး၍ (၁၁)ရက်အကြာ စောင့်ကြပ်ကုသပေးသွားမည်ဖြစ်ပြီး၊ စိုးရိမ်စရာ ရောဂါလက္ခဏာ/ပြင်းထန်လက္ခဏာ တစ်စုံတစ်ရာပေါ်ပေါက်ပါက မြိတ်မြို့ဆေးရုံကြီးသို့ ဆက်လက်ပို့ပေးမည်ဖြစ်ကြောင်း၊ လတ်လောတွင် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရ သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)