လှိုင်းဘွဲ ၊ ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းမှုသင်တန်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲကို လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ကဏ္ဍအလိုက် ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းထပ်တိုးဆောင်ရွက်မည့် လှိုင်းဘွဲမြို့နယ် ရွာသာအေးကျေးရွာနှင့် အလယ်ရွာမှ သင်တန်းသား /သူ (၁၆)ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ရန်ပုံငွေစီမံခန့်ခွဲမှု၊ ငွေစာရင်းဇယားဖြည့်သွင်းနည်းများ၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကော်မတီဝင်များအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)