မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီး ပြန်လည်​ရောက်ရှိလာသူများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း အခမ်းအနား တက်ရောက်

မကွေး ဇွန်

ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)နှင့်(၂)တို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်  လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်း​ဆောင်ပြီး​နေရပ်သို့ ပြန်လည်​ရောက်ရှိလာ​သော ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ဇွန် ၆ ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ​နေရပ်ပြန်ပြည်သူ့စစ်မှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မိမိတို့အသက်အရွယ်၊ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များဖြင့် နိုင်ငံတော်ကာကွယ်​ရေးနှင့် လုံခြုံ​ရေးအတွက်ပေးအပ်လာသည့် စစ်မှုထမ်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သား​ကောင်းပြည်သူ့စစ်မှုထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လှိုက်လှိုက်လှဲလှဲအသိအမှတ်ပြုဂုဏ်ယူပါကြောင်းနှင့် စစ်သည်တော်ကောင်းများ၏စိတ်ဓာတ်ဖြင့် မိမိဒေသအကျိုး၊ မိမိနိုင်ငံတော်အကျိုးကို ဆက်လက်သယ်ပိုးထမ်း​ဆောင်သွားရန် တိုက်တွန်းပါကြောင်းမှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)နှင့်(၂)တို့တွင် မကွေးတိုင်းဒေသကြီးမှ တာဝန်ထမ်းဆောင်ခဲ့ကြသူ ၃၁၆ ဦးအတွက် တစ်ဦးလျှင်ငွေကျပ်(၁)သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်​ခဲ့ကာ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ခဲ့ကြသည်။

ထိုသို့ ဂုဏ်ပြုညစာ သုံးဆောင်နေစဉ်အတွင်း အနုပညာရှင်များနှင့် ပြည်သူ့စစ်မှုထမ်းများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကာ၊ သီဆိုဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်းနှင့် အခမ်းနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နေရပ်ပြန်နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)