မြိတ်မြို့ရှိ ပြည်သူများအား ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များ ကွင်းဆင်းပြီးအခမဲ့ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

မြိတ် ဇွန် ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် အထက်ရေပုန်းရပ် ဘုရားသိမ် ဓမ္မာရုံတွင် ဇွန်(၇)ရက် မွန်းလွဲပိုင်းက ရေပုန်းရပ်ကွက်ရှိ ပြည်သူများအား ကွင်းဆင်းပြီး အခမဲ့ဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဆောင်ရွက်ကြသည်။

ကွင်းဆင်းဆေးကုသပေးခြင်းသည် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူရန် လိုအပ်သည့် ဝေဒနာရှင်များ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းဖြစ်သည်။

ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြိတ်ခရိုင်ကုသရေးဦးစီးဌာနမှူး၊ ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်များအဖွဲ့သည် ပြည်သူများ၏ ဆေးပညာ၊ ခွဲစိတ်၊ ကလေး၊ သွား၊ သားဖွားမီးယပ်၊ အရိုး၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေး၊ အရေပြားနှင့် စိတ်ကျန်းမာရေး ဝေဒနာရှင်များအား စမ်းသပ်စစ်ဆေးကုသပေးပြီး ဆေးဝါးများအခမဲ့ပေး၍ ကျန်းမာရေးစောင့်ရှောက်မှုပေးကြသည်။

ထိုသို့ မြိတ်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ကွင်းဆင်းဆေးကုသပေးရာတွင် ဝေဒနာရှင်(၁၈၄)ဦးကို စမ်းသပ်ဆေးကုသပေးနိုင်ခဲ့ကြောင်းသိရသည်။

ခိုင်ထူး (ပြန်/ဆက်)