ရှမ်းရွာသစ် ဇန်နဝါရီ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန(ပြည်နယ်) ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ပြီးစီးမှု အခြေအနေများကို လှိုင်းဘွဲမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင် နှင့်အဖွဲ့ဝင်များ၊ ကုမ္ပဏီမှတာဝန်ရှိသူများတို့က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၁၁၀.၂၀၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော တရီဖိုးခွီး-စောဖိုးခီး ကျေးရွာချင်းဆက် မြေသားလမ်း(၃)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ် (၁၅၂.၀၀)သန်းဖြင့် ဝါးမီးကလား-စောဖိုးခီး ကျေးရွာချင်းဆက်မြေသားလမ်းပေါ်ရှိ (၁၅)ပေရှိသော သံကူ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ ခွင့်ပြုရန်ပုံငွေကျပ်(၄၆.၃၅၀)သန်းဖြင့် အလျား(၅)ပေ၊ အနံ(၅)ပေနှင့် အမြင့်(၂၆)ပေရှိ Box Culvert (၁၀)ခုတည်ဆောက်ခြင်းလုပ်ငန်းတို့ကို စိုးပါဝါနိုင် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ရှိကြောင်း၊ ယခုအချိန်တွင် (၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင် ယခင်ကထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရှိရသည်။
ဇင်လေး(ပြန်/ဆက်)