တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ထားဝယ်ယဉ်ကျေးမှုပြတိုက်အား ကြည့်ရှုအားပေး

ထားဝယ် ဇွန် ၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှေးဟောင်းအမွေအနှစ်များနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးပြသထားသည့် ထားဝယ်ယဉ်ကျေးမှုပြတိုက်အား လှည့်လည်ကြည့်ရှုအားပေးသည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ယဉ်ကျေးမှုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းပစ္စည်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများ၊ သမိုင်းကြောင်းများ၊ ရှေးဟောင်းခေတ်မှ ယနေ့ခေတ်တိုင်အောင် သမိုင်းဝင်အမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများနှင့်လက်မှုအနုပညာများ၊ ထားဝယ်လူမျိုးများ၏ အထင်ကရပုဂ္ဂိုလ်ရုပ်ထုများ၊ အသုံးအဆောင်ပစ္စည်းများ၊ တူရိယာပစ္စည်းများ လိုက်လံကြည့်ရှုအားပေးသည်။

ထို့နောက် ထားဝယ်ယဉ်ကျေးမှုပြတိုက်တာဝန်ခံက ပြတိုက်အတွင်း ခင်းကျင်းထားရှိမှုနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပစ္စည်းတစ်ခုချင်းအလိုက် ကြေးပြားများဖြင့် ပြတိုက်လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နောင်လာနောင်သားမျိုးဆက်သစ်များအတွက် သမိုင်းအမွေအနှစ်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ပေးရန်လိုအပ်ကြောင်း၊ ရိုးရာအစဉ်အလာများ မပျောက်ပျက်စေရေးအတွက် ဒြပ်မဲ့ယဉ်ကျေးမှု ပွဲတော်များဆောင်ရွက်ပေးရန်လိုအပ်ကြောင်းမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပြတိုက်အတွင်း ပြည်သူအများဖတ်ရှုလေ့လာနိုင်ရေးအတွက် စာကြည့်တိုက်နှင့် သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုအားပေးပြီး ရေနူတ်မြောင်းအားကြည့်ရှုစစ်ဆေးကာ ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)