သဲကုန်းမြို့နယ်၊ လောင့်ကြီးကျေးရွာရှိ သောက်ရေသန့်စက်ရုံအား ကွင်းဆင်းကြည့်ရှု

သဲကုန်း ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ ပုတီးကုန်းမြို့ ကုသရေးဦးစီး ဌာနမှူး ဒေါက်တာကျော်မျိုးဟိန်းနှင့် တာဝန်ရှိ သူများသည် ယမန်နေ့က သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ လောင့်ကြီးကျေးရွာအုပ်စု၊ လောင့်ကြီးကျေးရွာတွင် တည်ရှိသော R.O.Power သောက်ရေသန့်စက်ရုံသို့  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရေသန့်စက်ရုံပိုင်ရှင်က ရေသန့်စက်ရုံနှင့် ပတ်သက်သမျှ လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်း ပြသပြီးနောက် ကျန်းမာရေးဌာန၏ သတ်မှတ်ချက်များနှင့် ညီ/မညီ၊ FDA ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာမှုရှိ/မရှိ၊ ကုန်အမှတ်တံဆိပ်၊ စက်မှုထောက်ခံချက်၊ စည်ပင် ထောက်ခံချက် ပြည့်စုံမှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံတွင်းသို့ ဝင်ရောက်လေ့လာခဲ့‌ကြောင်း သိရသည်။

နိုင်လင်း (သဲကုန်းပြန်/ဆက်)