ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များ ထပ်ဆင့်ရှင်းလင်း

ပုသိမ် ဇွန် ၇

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဉ် (၁/၂၀၂၆) မှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်းက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခဲ့ပြီး  တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများက လုပ်ငန်းဆိုင်ရာများနှင့် ခရိုင်/မြို့နယ်များမှ တာဝန်ခံအရာရှိများက မိမိရုံး၏ စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ရုံးများ၏ လိုအပ်ချက်၊ တွေ့ကြုံရသည့်အခက်အခဲများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် ညွှန်ကြားရေးမှူးတို့က အခမ်းအနားတက်ရောက်သူများ၏ ဆွေးနွေးမေးမြန်းချက်များကိုပြန်လည်၍ရှင်းလင်းဖြေကြားခဲ့ပြီး  ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါ လုပ်ငန်းတာဝန်များကို အလေးထားလိုက်နာဆောင်ရွက်၍ စာရင်းစစ်ရုံးများလိုက်နာရမည့် နိုင်ငံတကာစံများနှင့်အညီ အရည်အသွေးပြည့်ဝသည့် အစီရင်ခံစာများ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ကြရန်မှာကြားကာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၈၉) နှစ်မြောက်ရုံးနှစ်ပတ်လည်နေ့တွင် ပေးအပ်ချီးမြှင့်သည့် လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆု၊ သင်ကြားမှုထူးချွန်ဆု၊ မဂ္ဂဇင်းစာမူဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)