မုံရွာမြို့၌ ချည်မျှင်ရှည်ဝါ Raka 666 သီးနှံစိုက်ခင်း တည်ထောင်လျက်ရှိ

မုံရွာ ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဝါသီနှံ ၁၇၈၃၇ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့နံနက်ပိုင်းကစတင်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင် ဦးဆောင်သော ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းပြီး မုံရွာမြို့နယ် ဖန်းခါးကျင်းကျေးရွာအုပ်စု ကွင်းအမှတ် ၃၁၃ (ခ) ဦးပိုင်အမှတ် ၇၈ တောင်သူ ဦးထွန်းမော်၏ လယ်မြေ ၃.၅၀ ဧက နှင့် ကွင်းအမှတ် ၃၁၃ (ဂ) ဦးပိုင်အမှတ် ၂၆ တောင်သူ ဒေါ်မိုးဆွေ၏ လယ်မြေ ၄ ဧကတို့တွင် ချည်မျှင်ရှည်ဝါ Raka 666 သီးနှံစိုက်ခင်း တည်ထောင်ပေးလျက်ရှိကြောင်း သိရသည်။
ဦးစွာ မုံရွာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အတူ ခရိုင်/မြို့နယ်အဆင့် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် အဆိုပါ တောင်သူနှစ်ဦး၏ လယ်မြေ (၇.၅၀)ဧက တွင် မြေယာပြုပြင်ခြင်းနှင့် အိန္ဒိယသမ္မတ နိုင်ငံ၏ Quick Impact Project (QIP)အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်သော ချည်မျှင်ရှည်ဝါ Raka 666 မျိုးစေ့ချခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိသည်။

မုံရွာမြို့နယ်တွင် ယခုနှစ်မိုးရာသီ သီးနှံစုံစိုက်ပျိုးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြေင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့်ခရိုင်/မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများက တာဝန်ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)