ပူတာအို ဇန်နဝါရီ ၂၀
ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်သူများ စနစ်တကျ Mask တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါကို ပူးပေါင်းကာကွယ် နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး တေးသရုပ်ဖော် အကများဖြင့် အသိပညာပေး နှိုးဆော်မှုများနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီတွင် ပူတာအိုမြို့ လူစည်ကားရာဈေးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသူလေးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask တပ်ဆင်သွားလာရန်၊ စနစ်တကျ လက်ဆေးရန်၊ လူစုလူဝေးရှောင်ရှားရန် တေးသရုပ်ဖော်အကများဖြင့် အသိပညာပေး နှိုးဆော်မှုများပြုလုပ်ခြင်း၊ ဈေးသူ စေျးသားများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဇော်၊ ဗန်မော်ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကြည်စိုး၊ မြစ်ကြီးနားခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန နည်းစနစ်မှူး ဦးဇာနည်ထွန်း၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန ခရိုင်အားကာမှူး ဒေါ်ခင်မိုးသဲ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန နည်းစနစ်မှူး ဒေါ်အားတာဒွေ့နှင့် ၀န်ထမ်းများ၊ ကျောင်းသူလေးများနှင့် ခရိုင်လူငယ်ရေးရာအဖွဲ့တို့ ပူးပေါင်းမှုဖြင့် ပူတာအိုမြို့ လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေး (မနက်ဈေး)နှင့် လေယာဉ်ကွင်းဈေး(မနက်ဈေး)၊ လေယာဉ်ကွင်း ရုပ်ထုလမ်းဆုံနေရာများ၌ ဆောင်ရွက် ခဲ့ကြသည်။
အားကစားနှင့် ကာယပညာ ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် တေးသရုပ်ဖော် အကများဖြင့် လူစည်ကားရာ နေရာများတွင် အသိပညာပေး နှိုးဆော်မှုများကို အခါအားလျော်စွာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် အသိပညာပေး နှိုးဆော်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အားကစား နှင့်ကာယပညာ ဦးစီးဌာန ခရိုင်အားကာမှူး ဒေါ်ခင်မိုးသဲထံမှ သိရသည်။
ဖုန်ကန်(ပူတာအို)