သဲကုန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင် ပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကျင်းပ

သဲကုန်း ဇွန် ၇

၂၀၂၆ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စာစီစာကုံးပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးကြပ်လမ်းညွှန်မှုဖြင့် စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၃၃)ဦးမှမြန်မာ “အမျိုးသမီးများ၏ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၂၆)ဦးမှ “မြန်မာအမျိုးသမီးများ၏ စွမ်းအားနှင့် ဂုဏ်သိက္ခာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၃၄)ဦးမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့၍ မြို့နယ်အဆင့်တွင် ဆုရရှိသောကျောင်းသား/ ကျောင်းသူများမှ ခရိုင်အဆင့်တွင် ထပ်မံယှဥ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲများယှဥ်ပြိုင်နေမှုအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများကြည့်ရှု အားပေးခဲ့ ကြကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)