ဘားအံ ဇွန် ၆
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော်၍ ထွက်ရှိလာသည့်ထုတ်ကုန်များကို သက်သာသောနှုန်းထားဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးအတွက် လစဉ် ပထမအပတ်၏ စနေနေ့တိုင်းတွင် ဘားအံမြို့သီရိကွင်း၌ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏(အခွန်လွတ်) တောင်သူလယ်သမားဈေးကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဇွန် ၆ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူလယ်သမားဈေးဖွင့်လှစ်ရောင်းချနေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
အဆိုပါတောင်သူလယ်သမားဈေးတွင် သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော ကြက်၊ ဝက်၊ ဆိတ်၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည် အစရှိသော ဒေသထွက်မွေးမြူရေး ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ကန်စွန်းရွက်၊ ကြက်သွန်နီ၊ မှို၊ မုန်လာဥ၊ ပဲတောင့်ရှည်၊ ခရမ်း၊ ခရမ်းချဉ်၊ ချဉ်ပေါင်၊ အာလူး၊ ဘူး၊ ဖရုံ အစရှိသော ဒေသထွက်ဟင်းသီး ဟင်းရွက်(စားဖိုဆောင်သီးနှံ)အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများ အသင်းတို့၏ ပြင်ပပေါက်ဈေးထက်သက်သာသော ဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီအရောင်းဆိုင်ခန်းများ စုစုပေါင်း အရောင်း ဆိုင်ခန်းပေါင်း ၄၀ ကျော်ဖြင့် အရည်အသွေးပြည့်ဝ၍ ဘေးဥပဒ်ကင်းရှင်းသော စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံတိုက်ရိုက်ရောင်းချခြင်းဖြစ်သည့်အတွက် ကုန်ဈေးနှုန်းတည်ငြိမ်လျော့နည်းကျဆင်းစေကာ ဒေသခံ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိစေမည်ဖြစ်သည်။
ထိုသို့ တောင်သူလယ်သမားဈေးတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ အများပြည်သူသို့သက်သာသောနှုန်းထားဖြင့် တိုက်ရိုက်ရောင်းချပေးနေမှုအခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နောင်လာမည့်အပတ်များတွင် ဈေးဆိုင်ခန်းများပိုမိုတိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ရောင်းချမည့်ကုန်ပစ္စည်းအရေအတွက် ပိုမိုတိုးတက်ရောင်းချနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ်အတွင်း အသေးစား၊အငယ်စား၊အလတ်စား MSME စီးပွားရေးလုပ်ငန်းများ တိုးတက် အားကောင်းလာစေရန် ၎င်းတို့ကို အားပေးမြှင့်တင်ကူညီဆောင်ရွက်ပေးသောအားဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ တောင်နားကျေးရွာရှိ ပီတိကရင်ရိုးရာအထည်ရက်လုပ်ရောင်းချသည့်လုပ်ငန်းကို သွားရောက်ကြည့်ရှုအားပေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လုပ်ငန်းရှင်တို့က ကရင်ရိုးရာဝတ်စုံအဖြစ် သင်တိုင်း အတို၊ အရှည်၊ ထမီ၊ လုံချည်၊ ခေါင်းပေါင်းများကို လက်ရက်ကန်းစင်ဖြင့် ရိုးရာထည်နှင့် ဒီဇိုင်းအသစ်အဆန်းများ တီထွင်ရက်လုပ်၍ ဈေးကွက်သို့တင်ပို့ရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများတိုးချဲ့၍ ပြည်တွင်း၊ပြည်ပဈေးကွက်များသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေး၊ နည်းပညာအသစ်၊ ဝန်ဆောင်မှုအသစ်၊ ထုတ်ကုန်အသစ်များ စမ်းသပ်ထုတ်လုပ်နိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လိုအပ်သည့် အရင်းအနှီးများ ကူညီ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ ပအိုဝ်းစုအထက်ပိုင်းရှိ သစ်လွင်ရက်ကန်းကုန်ထုတ်သမဝါယမအသင်းလီမိတက်မှ ရက်ကန်းလုပ်ငန်းရှင် ဦးခွန်စိန်သန်း၏ ရက်ကန်းစင် ၄၀ ကျော် ဖြင့် ကရင်ရိုးရာအဝတ်အထည်များ ရက်လုပ်မှုအခြေအနေများ၊ ပန်းထိုးစက်ကြီးဖြင့် ခေတ်ပေါ်ကရင်အဝတ်အထည်ဒီဇိုင်းများ ရက်လုပ်မှု၊ ရက်လုပ်ပြီးအဝတ်အထည်များအား ဈေးကွက်သို့တင်ပို့နိုင်ရေး ထုတ်ပိုးဆောင်ရွက်မှုအခြေအနေများကို လှည့် လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ခိုင်မာသောဈေးကွက်ရှိနှင့်ပြီးဖြစ်သည့်အတွက် ပမာဏများများဖြင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ဆောင်ရွက်ရန်၊ ဘားအံမြို့ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်းမှ သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ရက်ကန်းလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက် ပေးရန်၊ ရက်ကန်းလုပ်ငန်းဆိုင်ရာနည်းပညာအတတ်ပညာများ ပိုမိုထွန်းကားလာစေရန်နှင့် ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာသော အဝတ်အထည်ထုတ်လုပ်ငန်းများနှင့် လိုက်လျောညီထွေစွာ တီထွင်ဖန်တီးနိုင်သည့် ရက်ကန်းလုပ်ငန်းများဖြစ်အောင် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)