စေတုတ္တရာ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၈၈) သိန်း ၄ သောင်းဖြင့် ဆောင်ရွက်ခဲ့သော အမှတ် (၁) ရပ်ကွက်၊ စံပြ (၂) လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှတ်(၁)ရပ်ကွက်၊ စံပြ(၂)လမ်းအား အရှည်(၃၄၀)ပေ၊ အနံ(၁၄)ပေ၊ ထု(၈)လက်မ ရှိသော ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောက်ရွက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ် ၈၈သိန်း ၄သောင်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ (၃၀.၁၁.၂၀၂၀) ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူများ လမ်းသွားလမ်းလာ ကောင်းမွန်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအား ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်း၊ မိုးတွင်းကာလတွင် လမ်းများပျက်စီးမှုမရှိစေရေးနှင့် ရေစီး ရေလာ ကောင်းမွန်စေရေးအတွက် အုတ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီ အမှုဆောင် အရာရှိ ဦးသက်နိုင်ထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)