ခန္တီး ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အမှာစကားပြောကြားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ပေးပို့သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သဝဏ်လွှာ Video Clip အားပြသခဲ့ကာ ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံအရာရှိ ဦးတင့်လွင်ထွန်းက ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့်"ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စုလတ်စိုးတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်သည်။
ယင်းနောက် ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံအရာရှိ ဦးတင့်လွင်ထွန်းက ပျိုးပင်များနှင့် အမှိုက်ပုံးများပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြောင်းသိရသည်။
ကမ်းကီး(ပြန်/ဆက်)