ခန္တီး ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ အလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား သက်မွေးပညာရပ်များဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရပ်များ သင်ကြားနိုင်စေရန် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းနှင့်ပတ်သက်၍ မိတ်ဆက်အသိပညာပေးဟောပြောခြင်းကို အ.ထ.က(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ဦးထန်းနိုင်းနှင့် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ခိုင်ထွေးတို့က Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား စိုက်ပျိုးရေး၊ မွေးမြူရေးအထူးပြုဖြင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ တက်ရောက်ပါက ဆက်လက်ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ၊ ပညာရပ်များ၊ ရရှိမည့်အလုပ် အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုခိုင်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းသို့ တက်ရောက်မည်ဆိုပါက လိုအပ်သောလျှောက်လွှာပုံစံနှင့် စာရင်းဖြည့်သွင်းပုံနည်းလမ်းများနှင့်ပတ်သက်၍လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ပညာရေးမှူး ဒေါ်ညိုညိုဝင်းနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
ကမ်းကီး(ပြန်/ဆက်)