ခန္တီး ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ ပေးပို့လာသည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သဝဏ်လွှာ Video Clip အားပြသခဲ့ကာ ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံအရာရှိ ဦးတင့်လွင်ထွန်းက ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့်"ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုလတ်စိုးတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား/သူများအား ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများ ချီးမြှင့်ပေးခဲ့သည်။
ယင်းနောက် ခန္တီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံအရာရှိ ဦးတင့်လွင်ထွန်းက ပျိုးပင်များနှင့် အမှိုက်ပုံးများပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/မ ကြီးများက လက်ခံရယူခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ဧည့်သည်တော်များက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပြခန်းအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကမ်းကီး(ပြန်/ဆက်)