တမူး ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် (၈)နာရီက စော်ဘွားအင်းရပ်ကွက်၊ ဝန်ထမ်းအိမ်ယာအနီး မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တမူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းကိုကို၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့က ပျိုးပင်များပေးအပ်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြပြီး ကျွန်း (၃၀၀)ပင်၊ ပျဉ်းကတိုး (၂၅၀)ပင်၊ မျောက်ငို (၅၀) ပင် စသည့်ပျိုးပင်စုစုပေါင်း (၆၀၀)ပင်နှင့် ကျေးရွာထင်းစိုက်ခင်း (၂)ဧကအတွက် ပျဉ်းကတိုး (၁၇၀၀)ပင်၊ မျောက်ငို (၇၂၀)ပင် စုစုပေါင်း (၂၄၂၀)ပင်တို့ကို တစ်ပျော်တစ်ပါးပါဝင် စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သစ်တောဦးစီးဌာန ခရိုင်/မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများစုစုပေါင်းအင်အား (၃၀၀) ဦး တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရတနာ