ပုသိမ် ဇွန် ၆
၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ (A Global Call for Climate Action)” ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲများပျက်စီးဆုံးရှုံးမှု၊ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု စသည့်အကျပ်အတည်းများကြုံတွေ့နေရပါကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပြီး သိသာထင်ရှားသည့် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာဆုံးရှုံးမှုများဖြစ်ပေါ်နေပါကြောင်း၊ သိပ္ပံနည်းကျလေ့လာဆန်းစစ်ချက်အရ ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့နိုင်ငံတိုင်း၏ ကဏ္ဍများစွာကို ကျယ်ကျယ်ပြန့်ပြန့်သက်ရောက်လျက်ရှိနေပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု၏ဆိုးကျိုး သက်ရောက်မှုများသည် အပြန်အလှန်ဆက်နွှယ်နေပြီး ကဏ္ဍတစ်ခုအပေါ် ထိခိုက်မှုသည် အခြားကဏ္ဍများကိုပါ သက်ရောက်မှုရှိစေပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသည့် အဓိကအကြောင်းအရင်းမှာ လူသားတို့၏လုပ်ဆောင်မှုဖြစ်သည့် လေထုထဲကို မှန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်ခြင်းနှင့် ၎င်းကြောင့် ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချရေး၊ သစ်တောများ ထိန်းသိမ်းမှုမြှင့်တင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ပိုမိုအသုံးပြုစေရေး၊ စွန့်ပစ်ပစ္စည်းထွက်ရှိမှုလျှော့ချရေး၊ ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးလုပ်ငန်းများမြှင့်တင်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၆ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး၏ ဗီဒီယိုမက်ဆေ့၊ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဗီဒီယိုပြသမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီးအဆင့်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောစက်ရုံဆု၊ အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အထူးဆု-၁၊ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဆုနှင့် ကျေးရွာဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း (Primary Level) ဆုရရှိသည့်ကျောင်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း(Secondary Level) ဆုရရှိသည့်ကျောင်းများကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ ၂၀၂၆ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပသော အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို တိုင်းဒေသကြီးသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
လှမင်းထွဋ်(ပြန်/ဆက်)