ထားဝယ် ဇွန် ၆
တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က မြန်မာနိုင်ငံရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့်နှင့်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို (၃.၇.၁၉၉၆)တွင် ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၇)ရပ်ချမှတ်ကာ လိုအပ်သော ကြီးကြပ်လမ်းညွှန်မှုများဆောင်ရွက်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် အမျိုးသမီးကော်မတီအားဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ချမှတ်လိုက်သောမူဝါဒများနှင့် လမ်းညွှန်ချက်များကို အခြေခံပြီးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေး၊ တိုင်းအတွင်းရှိ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက် ရေး၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများ ပပျောက်စေရေးတို့အတွက် ကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်နေကြသည့် အခန်းကဏ္ဍများတွင် တိုင်းဒေသကြီးအတွင်းမှာ ရှိသောအမျိုးသမီးများ၊ အမျိုးသမီးငယ်ရွယ်များ၏ အကျိုးစီးပွားကိုရှေးရှုပြီး ကျား၊မ တန်းတူညီမျှရေးနှင့် အမျိုးသမီးအခွင့်အရေးများ ပြည့်ဝစွာရရှိနိုင်ရန် ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအမျိုးသမီးကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကော်မတီဝင်များက တိုင်းဒေသကြီးအမျိုးသမီးကော်မတီဖွဲ့စည်းမှုအခြေအနေ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရေးကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)