မြိတ်မြို့နယ် သစ်တောဦးစီးဌာနမှ လူထုဖြန့်ပျိုးပင်များကို ပြည်သူများအား အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေး

မြိတ် ဇွန် ၆

တနင်္သာတိုင်းဒေသကြီး မြိတ်မြို့ စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များကို ယမန်နေ့တွင် တက္ကသိုလ်ရပ်နှင့် ရှမ်းချောင်းရပ် ပြည်သူလူထုများအား အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးသည်။

အခမဲ့ဖြန့်ဝေပေးသည့် ပျိုးပင်များသည် မြိတ်မြို့နယ်သစ်တောဦးစီးဌာန ရှမ်းချောင်းသစ်တော ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသော သစ်ပင်အမျိုးအစား(၁၂)မျိုး ပျိုးပင်များဖြစ်ပြီး အဆိုပါပျိုးပင်များကို မော်တော်ယာဉ်ဖြင့် တင်ဆောင်ကာ ပြည်သူများ​၏ နေအိမ်ခြံဝင်း၊ လမ်းနှင့် အိမ်ကြားရှိ မြေလွတ်မြေလပ်များတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန် အိမ်တိုင်ရာရောက် ဖြန့်ဝေပေးခြင်းဖြစ်သည်။

ပျိုးပင်များဖြန့်ဝေရာတွင် ရှေးဦးစွာ မြိတ်တက္ကသိုလ်သို့ရောက်ရှိခဲ့ကြပြီး တက္ကသိုလ်သာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စိန်ပန်း၊ ခရေ၊ မန်ဂျန်ရှား၊ ထိုင်ဝမ်ဗန်ဒါ၊ စက္ကူပန်းပျိုးပင်များကို သစ်တောဦးစီးဌာန တာဝန်ရှိသူများမှ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်အား ပေးအပ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/မများ ဌာဆိုင်ရာတာဝန်ရှိသူများဖြင့် အမှတ်တရ စိုက်ပျိုးပေးကြသည်။

ထို့နောက် ပျိုးပင်များကိုပြည်သူများအား အခမဲ့ဖြန့်ဝေပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပျိုးပင်ဖြန့်ဝေပေးသည့် မော်တော်ယာဉ်ဖြင့် တက္ကသိုလ်ရပ်နှင့် ရှမ်းချောင်းရပ် ပြည်သူများတစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရန် စည်းရုံးဆောင်ရွက်ပြီး ပျိုးပင်များကို အိမ်တိုင်ရာရောက် ဖြန့်ဝေပေးကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)