ဗန်း​မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သုံးစွဲရန်မသင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး

ဗန်း‌မောက် ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း သုံးစွဲရန်မသင့်သည့် ကုန်ပစ္စည်းများ ‌ရောင်းချခြင်း မရှိစေရေးအတွက် ရောင်းချလျက်ရှိသည့်အခြေခံ စားသောက်ကုန်များ ကုန်စျေးနှုန်းတိုးမြှင့် ရောင်းချခြင်းမပြုရန်အတွက် လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက  မြို့ပေါ်ရှိစားသောက်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် ဒေသခံပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူရာတွင် အဆင်ပြေစေရန်အတွက် စျေးနှုန်းတိုးမြှင့် ရောင်းချခြင်းမပြုရန်၊ ရောင်းချလျက် ရှိသော ကုန်ပစ္စည်းများအား မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းမရှိစေရေး၊ အများ ပြည်သူများသုံးစွဲရန် မသင့်လျော်သည့် ပစ္စည်းများမရှိစေရေး၊ တရားမဝင်ရောင်းချခြင်းများရှိပါက ပြည်သူများအနေဖြင့် အဆိုပါကုန်ပစ္စည်းများမှာ ဘေးအန္တရာယ် ကင်းရှင်းမှုအတွက် အာမခံချက် ရှိမှသာရောင်းချကြရနှင့် ဝယ်ယူသုံးစွဲမှုများပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အကျိုးအာနိသင်ရှိသော စားသောက်ကုန်ပစ္စည်းများကို အများပြည်သူတို့ သုံးစွဲနိုင်ရန်စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိကြောင်း သုံးစွဲရန်မသင့် စားသောက်ကုန်များ ရောင်းချမှု များရှိပါက စားသုံးသူ အကာကွယ်ပေးရေးအတွက် လုပ်ထုံးလုပ်နည်း  ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းပိုက ပြောသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန လက်ထောက် ညွှန်ကြားရ ေးမှူး ဦးသန်းပိုနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ ဗန်းမောက်မြို့အတွင်းရှိ ကုန်စုံစျေးဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)