ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနား မြိတ်တက္ကသိုလ်တွင် ကျင်းပ

မြိတ်  ဇွန်  ၅

“ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်း အနားကို နေရာဒေသအသီးသီးတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ယနေ့နံနက်(၉)နာရီခွဲက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ကျင်းပသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူများ အာရုံစူးစိုက်မိလာစေရန်နှင့်ကမ္ဘာ့ပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေမှု ပြဿနာများအနက် အခြေအနေနှင့် အချိန်အခါကိုမူတည်ပြီး နှစ်အလိုက်ဖြစ်ပွားပေါ်ပေါက်နေသည့် အရေးကြီးပြဿနာရပ်များ၊ အဓိကစိန်ခေါ်မှုများကို ပိုမိုသိရှိကာအလေးထား ဖြေရှင်းဆောင်ရွက်လာကြစေရန် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားများကို ကမ္ဘာတစ်ဝန်းကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၅၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အထိမ်းအမှတ်အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က အမှာစကားပြောကြားသည်။ ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP)၏ ဗီဒီယို ၊ ၂ဝ၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုများကို ပြသရာတက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထက်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ အခမ်းအနားအပြီးတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)