ချောင်းသာ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ယမန်နေ့နံနက်ပိုင်း ၉ နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA ခွင့်ပြုချက် ရှိ/မရှိ၊ ရက်လွန်မုန့် များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ စနစ်တကျထားသို ရောင်းချခြင်းရှိ/မရှိတို့ကို ကျောင်းတာဝန်ခံဆရာ/ဆရာမများနှင့် ပူးပေါင်းစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး ချောင်းသာမြို့ရှိ မြို့အုပ်ချုပ်ရေးအဖွဲ့ တိုက်နယ်ကျန်းမာရေးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များက ကျောင်းသား/ ကျောင်းသူများ မိုးရာသီကာလ မသန့်ရှင်းသောအစားအစာများကြောင့် ဝမ်းပျက်/ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးအတွက် ကျောင်းမုန့်စျေးတန်းများ စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို စဥ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မျိုးဝင်း(ပြန်/ဆက်)