နေပြည်တော် ဇွန် ၄
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၂ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုလည်း သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူးများက ဦးစီး၍ သတ်မှတ်ထားသည့် ရပ်ကွက်စုရပ်များတွင် လစဉ်ထိုးနှံပေးလျက်ရှိသည်။
ထိုကဲ့သို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ယခုလအတွင်း မြောက်ဥက္ကလာပမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ သထုံမြို့နယ်၊ သနပ်ပင်မြို့နယ်၊ သန်လျင်မြို့နယ်၊ တံတားမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ အလုံမြို့နယ်တို့တွင် သက်ဆိုင်ရာ စုရပ်များ၌ ထိုးနှံပေးလျက်ရှိပြီး ကျန်းမာရေးဆိုင်ရာအသိပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါပုံမှန်ကာကွယ်ဆေးတွင် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများ ပါဝင်ပြီး မွေးကင်းစမှ ၂ နှစ်အောက် ကလေးငယ်များအား အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးခြင်းဖြစ်ကာ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်နှင့်ဆုံဆို့နာကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။