ကျွန်းလှ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဟင်းသီးဟင်းရွက်မျိုးစုံကိုရာသီအလိုက် စိုက်ပျိုးကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်သီးနှံစုံဧက ၅၅၀ ကျော်စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှ စပါးအပြင် သီးနှံမျိုးစုံကို နွေမိုးဆောင်း ချောင်းရေ၊ မြောင်းရေနဲ့ မြေအောက်ရေတင်စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီမှာ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးဖို့ ၅၅၉ ဧကလျာထားပြီး အခုအခါ တောင်သူတွေ ပျိုးထောင် စိုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက် ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ GAP နည်းစနစ်ဖြင့်စိုက်ပျိုးရေး၊ ဓာတုကင်းလွတ်သီးနှံများထွက်ရှိရေး၊ သဘာဝအားဆေး၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေး၊ ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက်သီးနှံအဖြစ် ငရုတ်၊ သခွား၊ ရွှေဖရုံ၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲတောင့်ရှည်၊ ရုံးပတီ၊ ဖူးစားပြောင်း သီးနှံများစိုက်ပျိုးကြပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ