အမာ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ဇွန်လ ၂ ရက်နေ့နံနက် (၉)နာရီ အချိန်ကစတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ရာတွင် ရှေးဦးစွာကျန်းမာရေးမှူး ဒေါ်လှမြတ်မင်းက သွေးလွန်တုတ်ကွေးရောဂါအကြောင်းနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ရေးနည်းလမ်းများ၊ ရောဂါဖြစ်ပွားခဲ့ပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိမိတို့အိမ်များတွင် လိုက်နာဆောင်ရွက်ရမည့် ဖုံး၊ သွန်၊ လဲ၊ စစ်အကြောင်းများ၊ အဘိတ်ဆေးခတ်ပေးသည့် လုပ်ငန်းများအကြောင်းတို့ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ဟောပြောခဲ့ပြီးနောက် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာ ကွယ်ဆေး၊ ပိုလီယိုသောက်ဆေး၊ ထိုးဆေးများထိုးနှံတိုက်ကျွေးပေးပြီး ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း၊ ကျန်းမာရေးဌာန၊ ဆရာမ ဒေါ်ခင်ချောစုထွေး ထံမှသိရသည်။
အမာ(ပြန်/ဆက်)