မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၌ ရက်(၁၀၀)စီမံချက် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

မအူပင် ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ၌ ရက်(၁၀၀)စီမံချက် မှုခင်းကျဆင်းရေးအသိပညာ ပေးဟောပြောပွဲအား ယမန်နေ့မွန်းလွဲ(၁)နာရီက ညောင်ဝိုင်းကျေးရွာရှိ ဓမ္မဒီပဘုန်းတော်ကြီးကျောင်းအတွင်း ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီ ရဲမှူးခင်မောင်ညွန့်မှ ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ အရေးကြီးအမှုကြီး(၄)မျိုးဖြစ်သည့် လူသတ်မှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊ လုယက်မှုတို့နှင့်ပတ်သက်သည့်ကိစ္စရပ်များအား ရှင်းလင်းဟောပြောပြီး၊ မအူပင်မြို့မရဲစခန်းမှူး ဒုရဲမှူးမင်းမြတ်စောဝင်းမှ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုကိစ္စရပ်များနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များအား ချပြရှင်းလင်းဟောပြောသည်။ ဆက်လက်၍ မအူပင်မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ဘိုဘိုဦးမှ မပေါ်ပေါက်သေးသောအမှုများမှ တရားခံများနှင့်ပတ်သက်၍ ချပြရှင်းလင်းသည်။ ယင်းနောက် တပ်ဖွဲ့ဝင်များမှ တက်ရောက်လာသည့် ဒေသခံပြည်သူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးခင်မောင်ညွန့်၊ မြို့မရဲစခန်းမှူးဒုတိယရဲမှူးမင်းမြတ်စောဝင်း၊ မအူပင်မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်ဘိုဘိုဦး၊ ညောင်ဝိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဖေလတ်နှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အောင်မြင့်မြတ်(ပြန်ဆက်)