စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး သူနာပြုသိပ္ပံ(မုံရွာ) သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား တက်ရောက်

မုံရွာ ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ သူနာပြုသိပ္ပံ(မုံရွာ) သူနာပြု-သားဖွား ဒီပလိုမာအောင် လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ဇွန်လ ၃ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး၊ သူနာပြုသိပ္ပံ(မုံရွာ)ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊သင် တန်းသူများ၊ မိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေးက သင်တန်းဆင်းမောင်တို့မယ်အနေဖြင့် မိမိတိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုများအား အရည်အသွေး ပြည့်မီစွာစောင့်ရှောက်ပေးနိုင်သည့် သူနာပြု ဆရာ/ မများဖြစ်လာကြစေရန် အစဉ်ကြိုးပမ်းလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊၊ သူနာပြုဆရာ/ ဆရာမများသည် အရေးကြီးသည့် အင်အားစုကြီးတစ်ခုဖြစ်ခြင်းကြောင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် သူနာပြုဆရာ/ဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ကျင့်ဝတ်နှင့်အညီ ပြုစုစောင့်ရှောက်မှု ပေးနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လူနာများအား ကျန်းမာရေးဝန်ဆောင်မှုပေးရာတွင် အခြားသော ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဝန်ထမ်းများနည်းတူ သူနာပြုနှင့်သားဖွားဆရာ/ ဆရာမများသည် အဓိကအခန်းကဏ္ဍမှပါဝင်ပြီး ပြည်သူများအား အရည်အသွေးပြည့်ဝသည့် ပြုစုကုသမှုပေးနိုင်ရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ အောင်လက်မှတ်များအား အပ်နှင်းခံရပြီးနောက် လုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါမှာလည်း သူနာပြုဆရာ/  ဆရာမများအားလုံး အပြန်အလှန်လေးစားမှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် သူတပါး၏ စိတ်ခံစားချက်များအား ဦးစားပေးရန်၊ လူမှုဆက်ဆံရေးကောင်းမွန်ရန် ကြိုးစားကုသသွားကြရန်နှင့် သူနာပြု၊သားဖွားများ၏ ပုံရိပ်ပိုမိုမြင့်မားလာပြီး ပြည်သူလူထုအား အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်နှင့်ညီသည့် ပြုစုစောင့်ရှောက်မှုများအား ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ဩဝါဒစကားပြောကြားပြီး သူနာပြုသိပ္ပံ(မုံရွာ)မှ ကျောင်းအုပ်ကြီးက သင်ကြားရေးတာဝန်ခံ ကျောင်းအုပ်ထံ သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ်များအား လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဒေါနခြံ ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အိုးဘိုတောင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များသို့ သွားရောက်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းများဥပတိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်သန့် ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဆောင်အဆောက်အဦများကြံ့ခိုင်မှုရှိစေရေးနှင့် ကျောင်းသုံးပရိဘောဂပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ဆရာ၊ကျောင်းသားအချိုး ညီမျှစွာ သင်ကြားသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)