စစ်ကိုင်း ဇွန် ၄
စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်ရှိ ရွှေမုဋ္ဌောဘုရားအား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများနှင့် ဝတ်ရွတ်အသင်းများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရပ်မိ၊ ရပ်ဖများတက်ရောက်ကြသည်။
ဦးစွာအခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်တော်အေးကျောင်းဆရာတော် ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များထံမှ အန္တရာယ် ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ် ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်ပြီး ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အဆင့်ဆင့်တို့အား တင်လှူပူဇော်ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)