ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်၎င်းတို့၏ သား/သမီးများအား ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်

ဘားအံ ဇွန် ၄

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ၎င်းတို့၏သား/သမီးများအား ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့်သူများဖြစ်သည့်အတွက် လုံလောက်သည့်ပညာအရည်အချင်းရှိရန်လိုအပ်ပြီး ငယ်ရွယ်ချိန်တွင်ဝမ်းစာဖြည့်ထားကြစေလိုကာ ရည်မှန်းချက်မြင့်မြင့်မားမားထား၍ ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်း၊ ဝန်ထမ်းများနှင့်၎င်းတို့၏သားသမီးများဖြစ်ကြသည့်အတွက် ဥစ္စာအမွေကိုပေးနိုင်စွမ်းမရှိသော်လည်း ပညာအမွေကိုသာပေးနိုင်သူများဖြစ်သည့်အတွက် ပညာကိုကြိုးစားသင်ယူ၍ မိမိတို့၏အိမ်မက်များကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွက်၍ နိုင်ငံတော်မှ အားထားရသောလူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တက္ကသိုလ်အဆင့်ဝန်ထမ်း ၁၇ ဦး၊ ဝန်ထမ်းသား/သမီး ၁၁ ဦး၊ အထက်တန်းအဆင့် ၉ ဦး၊ အလယ်တန်းအဆင့် ၂၂ ဦး၊ မူလတန်းအဆင့် ၅၅ ဦး စုစုပေါင်း ၁၁၄ ဦးတို့အား စုစုပေါင်းငွေကျပ် ၁၂၁၃၅၀၀ဝိ/-(တစ်ရာနှစ်ဆယ်တစ်သိန်းသုံးသောင်းငါးထောင်ကျပ်)တန်ဘိုးရှိ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံ၊ ခဲတံ၊ဘောလ်ပင်၊ ဗလာစာအုပ်အစရှိသည့် ကျောင်းသုံးပစ္စည်း များကို ချီးမြှင့်ပေးအပ်ရာ ဝန်ထမ်းသား/သမီးများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့်၎င်းတို့၏သားသမီးများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ် ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)