ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မူလက်မူလုပ်ငန်းရှင်များအသင်းနှင့် မြိတ်ဆန်စပါးကုန်သည်ကြီးများအသင်းတို့ နားလည်မူစာချွန်လွှာ(MOU)ရေးထိုးခြင်း အခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မူလက်မူလုပ်ငန်းရှင်များအသင်းနှင့် မြိတ်ဆန်စပါးကုန်သည်ကြီးများအသင်းတို့ နားလည်မူစာချွန်လွှာ (MOU)ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်ဟိုတယ်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မူလက်မူလုပ်ငန်းရှင်များအသင်းနှင့် မြိတ်ဆန်စပါးကုန်သည်ကြီးများအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကယနေ့အခမ်းအနားသည် အသင်းအဖွဲ့နှစ်ခုအကြား သာမန် MOU လက်မှတ်ရေးထိုးခြင်းတစ်ရပ်သာမက ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေးအခြေပြုကုန်ထုတ်လုပ်မှုကဏ္ဍ အားကောင်းလာမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသော ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးရေးဒေသ တစ်ခုဖြစ်ပြီး “နိုင်ငံ၏စပါးကျီ ဟု တင်စားခေါ်ဝေါ်ရသည့် ဒေသတစ်ခုလည်းဖြစ်ပါကြောင်း၊ စပါးနှင့်ဆန်ထုတ်လုပ်မှုကဏ္ဍသည် တိုင်းဒေသကြီး၏ အဓိကစီးပွားရေး အင်အားတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက်လည်း အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ယနေ့လက်မှတ်ရေးထိုးမည့် MOU သည် စာရွက်ပေါ်က သဘောတူညီချက် တစ်ခုအဖြစ်သာမကျန်ရှိဘဲ လက်တွေ့အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများအဖြစ် အကောင်အထည်ဖော်နိုင်ပြီး ARCCI နှင့် မြိတ်ဆန်စပါးကုန်သည်ကြီးများအသင်း တို့အကြား Win-Win Partnership တစ်ရပ်အဖြစ် ရေရှည်တည်တံ့ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက်လာပါစေကြောင်းအမှာစကားပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မူလက်မူလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ မြိတ်ဆန်စပါးကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြိတ်ဆန်စပါး ကုန်သည်ကြီးများ အသင်းတို့သည် နှစ်ဖက်သဘောတူစာချွန်လွှာ(MOU)ရေးထိုးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)