ပုသိမ် ဇွန် ၄
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး (U-18) ဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး (U-18) ဘောလုံးအသင်းမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး အခမ်းအနားကို ဆက်လက်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး(U-18) ဘောလုံးအသင်းမှ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်၍ အသင်းမှတာဝန်ရှိသူများက ပြိုင်ပွဲဝင် ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီး၏ အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ နည်းပညာနှင့် ငွေကြေး အစရှိသည့် လိုအပ်ချက်များကို အဖက်ဖက်မှ ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် လူငယ်အားစားသမားများ ပေါ်ထွက်လာစေရေးအတွက် အခြေခံပညာကျောင်းများမှ စတင်အခြေခံရမည်ဖြစ်ပါကြောင်း၊ မြို့နယ်တိုင်းတွင်လည်း အဆင့်မီအားကစားကွင်းများဖြစ်ပေါ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြိုင်ပွဲများကျင်းပ၍ အရည်အချင်းရှိသည့် အားကစားသမားများကို မွေးထုတ်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း မြင့်မားစေရေးအတွက် လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်၍ ယခုထက်ပိုမို အောင်မြင်မှုများရရှိရန် ကြိုးပမ်းသွားကြစေလိုကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုများရရှိအောင် ကြိုးစားခဲ့ကြသည့် အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း” ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်တို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)