ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မြောင်းမြမြို့နယ်အတွင်းရှိ ဥစားကြက်ခြံနှင့် အသားတိုးကြက်ခြံများအားကြည့်ရှုအားပေး

ပုသိမ် ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ဇွန်လ(၂)ရက်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်အတွင်းရှိ ဥစားကြက်ခြံနှင့် အသားတိုးကြက်ခြံများအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်တိရစ္ဆာန်အစာများပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ရှုခင်းသာကျေးရွာရှိ "မိသားစု" ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်၍ တိရစ္ဆာန်အစာထုပ်လုပ်မှု၊ ဥစားကြက်မွေးမြူမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ရာ ဥစားကြက်မွေးမြူရေးခြံပိုင်ရှင်က မွေးမြူရေးခြံ(၃၂)ခြံတွင် ဥစားကြက်ကောင်ရေ(၅၀၀၀၀)မွေးမြူထားရှိမှု၊ ထပ်မံမွေးမြူ နိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဈေးကွက်သို့ ကြက်ဥတင်ပို့ရောင်းချမှုအခြေအနေများ၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာထုတ်လုပ်မှု၊ (၆၆)ကီလိုဝပ်ဆိုလာစနစ်တပ်ဆင်၍ တိရစ္ဆာန်အစာကြိတ်ခွဲထုတ်လုပ်နေမှုနှင့် လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ မွေးမြူရေးဆိုင်ရာ အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးတိုင်းဒေသကြီးဖြစ်သည့်အတွက် အသား၊ ငါး၊ ဥမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးတက်လုပ်ကိုင်၍ စားသောက်ကုန်ဈေးနှုန်းများကို တည်ငြိမ်လျော့ကျအောင် ဆောင်ရွက်ကြရန်၊ မွေးမြူရေးလုပ်ငန်းများ ပိုးမွှားရောဂါများ မကျရောက်စေရေး ဂရုပြုဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးခြံသုံး ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ မြကန်သာရပ်ကွက်ရှိ ဦးဆန်းလင်းဦး၏ အသားတိုးကြက်မွေးမြူရေးခြံသို့ရောက်ရှိ၍ မွေးမြူရေးခြံ(၂)ခြံတွင် အလုံပိတ်အအေးခန်းစနစ်ဖြင့် အသားတိုးကြက် ကောင်ရေ(၁၅၀၀၀)မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးပြီး မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန်၊ ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်ရေးဆောင်ရွက်ရန်၊ ဒေသထွက် တိရစ္ဆာန်အစာများပိုမိုအသုံးပြုရန်နှင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)