ဒေးဒရဲမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေး တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

ဒေးဒရဲ ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက (၂၀၂၆-၂၀၂၇)ခုနှစ် မိုးစပါးရာသီ စိုက်ဧရိယာပြည့်မီအောင် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် လိုအပ်သည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ဂွကလေးကျေးရွာ အုပ်စု၊ ရှမ်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးမှုနည်းပညာပိုင်းဆိုင်ရာများကို တောင်သူများအနေဖြင့် သိရှိနားလည်နိုင်ရေး ဆွေးနွေးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇင်မောင်မောင်က တောင်သူ နည်းပညာဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် မိုးစပါးရာသီ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေရေး ဓါတ်မြေဩဇာလျှော့ချသုံးစွဲနည်းများ၊ စပါးခွံမြေဩဇာနှင့် သဘာဝ မြေဩဇာများ ပြုလုပ်သုံးစွဲနည်းလမ်းများ၊ စပါးမျိုးကောင်းမျိုးသန့်သုံးစွဲနည်း၊ မျိုးစေ့ဆားရည် စိမ်ခြင်းနည်းဖြင့် စိုက်ပျိုးနည်းလမ်းများ ဘက်စုံပိုးမွှားကာကွယ် နှိမ်နှင်းနည်းများနှင့် ဓါတုဓါတ်ကြွင်း ကင်းစင်စေရေးအတွက် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်အသုံးပြုခြင်း နည်းလမ်းများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်စိုက်တိုးမြင်ံ့ အဖွဲ့ဝင်များက အဓိကသီးနှံများ စိုက်ဧကပြည့်မီအောင် စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေရေး ဆောင်ရွက်ရမည့်နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများ၏ သိရှိလိုသည့် စိုက်ပျိုးရေးဆိုင်ရာ မေးမြန်းမှုများအား သက်ဆိုင်ရာ ဌာနများအလိုက် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း