မော်လမြိုင်ကျွန်းမြို့နယ်၌ (ဒုတိယ) အကြိမ် ကလေးပန်းချီပြပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်

မော်လမြိုင်ကျွန်း ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ (၁၁) လမ်းရှိ YCBA ခန်းမ၌ ဇွန် ၃ ရက် နံနက်ပိုင်းက (ဒုတိယ)အကြိမ် ကလေးပန်းချီပြပွဲ (မြန်မာ့အလှပန်းချီပြပွဲ) အခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလတ်နှင့်  တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြခန်းအတွင်း ခင်းကျင်းပြသထားသော ကလေးငယ်များ၏ ပန်းချီလက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးငယ်များ၏ အနုပညာစွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အားပေးစကားများ ပြောကြားခဲ့ကြသည်။

အဆိုပါ (ဒုတိယ)အကြိမ် ကလေးပန်းချီပြပွဲ (မြန်မာ့အလှပန်းချီပြပွဲ)ကို ဇွန်လ (၃) ရက်နေ့မှ (၇) ရက်နေ့အထိပြ ပန်းချီကား (၂၄၅) ချပ်ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ကလေးငယ်များ၏ ဖန်တီးမှုစွမ်းရည်များနှင့် အနုပညာလက်ရာများကို ခင်းကျင်းပြသထားပြီး ကလေးငယ်များ၏ အနုပညာအရည်အသွေးများ မြှင့်တင်ပေးနိုင်ရန် အနုပညာဆိုင်ရာ အသိအမြင်များ တိုးပွားလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များ၏ အရည်အချင်းများကို ဖော်ထုတ်အားပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ ဆက်)