အိမ်မဲမြို့နယ်အတွင်း လယ်ယာမြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) (၁၂၁၃၁၀)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်

အိမ်မဲ ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကျေးဇူးရှင်တောင်သူဦးကြီးများ၏ လယ်ယာမြေများတွင် မိုးစပါးအထွက်နှုန်းကောင်းမွန်ရန်နှင့် အခြားအကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့များက မိမိတို့တာဝန်ကျသည့် ကျေးရွာများသို့သွားရောက်၍ တောင်သူများနှင့်တွေ့ဆုံကာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ပြောကြားခဲ့ပြီး တောင်သူများနှင့်အတူ လယ်ယာမြေအတွင်း ကြဲပက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို ယခုနှစ်မိုးစပါးရာသီ၌ (၁၂၁၃၁၀)ဧက ထည့်သွင်းစိုက်ပျိုးရာ လျာထားလျက်ရှိပြီး ယနေ့အထိ (၄၈၇၄၀)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းနှင့် လယ်ယာစိုက်ပျိုးမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များ ရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နှင်းနိုင်ပြီး အကျိုးပြုအနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်း၊ ပိုက်ဆံလျှော် သီးနှံစိုက်ပျိုးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျင် သစ်စိမ်းမြေသြဇာ(၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ(၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဥ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။

ချစ်သက်လယ် (ပြန်/ဆက်)