မင်းလှ ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ထောက်ကြန့်ကွင်း (အမ်) ကျေးရွာအုပ်စု၊ ဥတိုကျေးရွာ၌ ရက် (၁၀၀) စီမံချက်အရ ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့နှင့် ကျေးရွာအဆင့်လုပ်ငန်းအဖွဲ့များက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးတင့်ထူးက ကျေးရွာမြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးမည့်အခြေအနေနှင့် ရရှိလာမည့်အကျိုးကျေးဇူးများကိုပြောကြားပြီး၊ မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးမှူးဦးသီဟထက်အောင်က ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဥတိုကျေးရွာရှိ အိမ်ခြေများအား ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် တိုင်းတာခြင်းလုပ်ငန်းများ၊ မြေကြီးမြေပုံကိုက်ညီမှန်ကန်မှု ရှိ၊ မရှိ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာလိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)