နတ်မောက် ဇွန် ၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရက် (၁၀၀) စီမံချက်ကို အရှိန်အဟုန်မြင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို တမာပင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးက ကျောင်းသား/သူ များအား ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ မီးသတ်ဆေးဘူး ကိုင်သွယ်အသုံးပြုပုံ၊ အရေးပေါ် မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရ မည့်လုပ်ငန်းများနှင့် လျင်မြန်စွာ မီးငြိမ်းသတ်နည်း အဆင့်ဆင့်တို့ကို အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/သူ များမှ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များက လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း